ကျမငယ်ငယ်က အလွန်အဝတ်အအစားမက်သည်။ ပေါ်သမျှ ပိတ်စအဆန်း ခါးပေါ်တင်သည်။ လွန်ခဲ့သော ဆယ့်ငါးနှစ်ကျော်လောက်က ကျမတို့ နယ်မြို့လေးမှာ ရယ်ဒီမိတ်တွေလဲ ယခုလောက် ခေတ်မစားသေး ၊ နယ်စပ်မှဝင်လာသောအရောင်အသွေးစုံပိတ်စများ သာလှိုင်လှိုင်ပေါသည်။ဆိုင်ကြီးအချို့ မှာသာမန်းတလေးဘက်မှ ဝယ်ယူထားသော ယိုးဒယားပိတ်စမျိုး ရနိုင်သည်။
အထက်တန်းရောက်လာတော့ အပျိုပေါက်စ လှချင်လေပြီ ။ အဖြူအစိမ်းသာဝတ်ရသည်တွင် အပေါ်က အင်္ကျီ အဖြူကို ကိုယ်တိုင် ဒီဇိုင်းထွင်ပြီး အသိစက်ဆိုင်တွင် အပ်ကာ ပဲများတတ်နေသည်ကို ကျမအမေသည် အင်မတန်မျက်မုန်းကျိုးသည်။ဆရာကန်တော့ပွဲ၊ နှစ်သစ်ကူးပွဲ၊ ဘာပွဲ ညာပွဲမှန်သမျှတို့တွင်သူများနဲ့မတူအောင် ဖက်ရှင်ထွင်ဝတ်ရတာကို နှစ်သက်လှသည်။ စက်ဆိုင်တွင်အပ်ထားသော ကိုယ့် အထည်လေး ဘယ်လိုပံများထွက်လာမလဲ ရက်ချိန်းအမှီရမှရပါ့မလား နှင့်တမျှော်တည်းမျှော်ရတာကို အရသာ တခုလိုဖြစ်နေသည်။ ဒါပေမယ့် အရေးကြီးသောအထက်တန်း စာမေးပွဲတွေ ကြားမှာ အမှတ်ကောင်းကောင်းနှင့်အောင်ဖို့သည်သာ အဓိကလို့ စာဘက်သာပိုလို့ အာရုံစိုက်ခဲ့ပေမဲ့ အဝတ်အစား အလှအပဝါသနာကတော့ ပျောက်မသွား။

ဆယ်တန်းအောင်ပြီး တက္ကသိုလ်တွေပြန်ဖွင့်ဖို့ စောင့်နေချိန်တွေမှာတော့ အချိန်တွေသုံးမကုန်အောင်ပိုနေတော့သည်။ စာအုပ်တွေ ဖတ်လိုက်၊ အလှအပ လုပ်လိုက် ၊ အဝတ်အစား အသစ်ချုပ်လိုက် နဲ့ယောင်ချာချာ ဟာတာတာ ဖြစ်နေသည်။ (အခုလို Facebook တွေ အိမ်သာနက်တွေ လဲ ရှိမှမရှိသေးတာကိုး ) အထည်ဆန်းတွေထွက်တိုင်း ဝယ်ပြီးစက်ချုပ်ဆိုင် နှင့်အိမ်ကို လွန်းပျံသလို ပျံနေတဲ့ ကျမကို အမေကြည့်လို့မရတာမဆန်း။ အမေစိတ်ကောင်းဝင်ချိန်တွေမှာတော့ အဝတ်အစားဆိုတာသင့်တော်ရုံသာဝတ်သင့်ကြောင်း ၊ သုံးသုံးဖြုန်းဖြုန်း မနေသင့်ကြောင်း သက်သေသာဓကတွေ နဲ့တရားပြဆုံးမသည်။ အသက်ငယ်သေးသော အင်မတန်လှချင်သောကျမ အမေပြောချိန်သာ ခဏအရှိန်လျှော့သည် ၊ ပြီးရင်ဝါသနာအတိုင်း အမေမသိအောင်တမျိုး ၊ ပြောင်ပြောင်တင်းတင်းတမျိုး ဝယ်ဝတ်ချုပ်ဝတ်ပြန်သည်။ အမေပြောတဲ့ အသုံးအစွဲချွေတာတာတွေ ၊ ကျစ်လစ်တာတွေ ကိုယ်နဲ့လားလားမှ မဆိုင်သလို နေခဲ့သည်။
တက္ကသိုလ်တွေပြန်ဖွင့်တော့ ပိတ်စဝယ်ချုပ်တာတွေခေတ်သိပ်မစားတော့။ ရယ်ဒီမိတ်လေးတွေ အလွယ်တကူဝယ်ဝတ်နိုင်ပြီ။ ကျောင်းပိတ်လို့ အိမ်ပြန်ရင် အသိစတ်ဆိုင်တွေမှာ တခါတရံလောက်သာချုပ်ဖြစ်တော့သည်။ ချုပ်ခတွေက ရယ်ဒီမိတ်တစ်ထည်စာလောက် ဖြစ်လာချိန်မှာတော့ ပိတ်စဝယ်ပြီး ချုပ်တဲ့ အခန်း လုံးဝချုပ်ငြိမ်းသွားပါတော့သည်။ ဒါပေမယ့် ကျမဗီရိုထဲမှာတော့ အဝတ်အစားတွေလျော့မသွားတဲ့ အပြင် အချိန်နဲ့အမျှ တိုးတိုးလာ တော့ အမေသည် ပြောမရတဲ့ အဆုံးကြည့်နေတော့သည်။ (ဝါသနာကို တားမရဘူး လေ :)
ကျမစလုံးလာတော့ ဗမာပြည်မှာ ကျန်ခဲ့တဲ့ ကျမအဝတ်ဗီရိုကြီးကို အလွန်နှမျောရသည် ။ သခင်မဲ့တော့မည့် အဝတ်တွေအပြည်နဲ့ ဗီရိုကြီးထဲမှာ ကျမအမြတ်တနိုးနဲ့စုဆောင်းထားတဲ့ အဝတ်အစားတွေကလဲ သူတို့သခင်သစ်ဆီကို မသွားချင်ဘူး လို့များပြောသည့်အလား။
စလုံးရောက်ပြီးတစ်နှစ်ကျော်လောက်မှာ အမေက ကျမ နှင့် ညီမလေး တို့အဝတ်အစားတွေကိုသူများပေးပစ်လိုက်သည်။ ဗီရိုထဲ စနစ်တကျ သိမ်းထားသော အဝတ်အစားတွေ ကိုထိမ်းရသိမ်းရခက်လို့ ဆိုပြီး ဝေလိုက်တာ ကျမတို့ညီအမ နှစ်ယောက် ရဲ့ ဗီရိုကြီးတွေ ဗလာကျင်းသွားတဲ့ အထိပါပဲ။ ကိုယ်မဝတ်တော့တဲ့ ကိုယ့်အတွက်လဲ အသုံးမတည့်တော့တဲ့ အရာတွေကို လိုအပ်တဲ့သူတွေ ကိုပေးလိုက်တာ အကျိုးများတာ သိပေမယ့် ကျမရဲ့ အစွဲတွေက ရှိနေသေးတော့ နှမြောမဆုံး ဖြစ်ရသေးသည်။

စလုံးရောက်ပြီး အိမ်ထောင်တွေကျ ၊ သမီးတစ်ယောက်ရ ၊အလုပ်တွေလုပ် နှင့် အဝတ်အစားကို အရင်ကလိုမက်မက်မောမောမရှိလှတော့။ ကိုယ်နဲ့သင့်တော်တာလေးတွေကလဲ ရှားပါး။ ဒီဇိုင်းကြိုက်တာလေးတွေ့ရင်ဈေးကိုမကြိုက် ( ဈေးကြီးလို့) နှင့် ကျမမှာ အရင်လို ပေါပေါများများမရှိတော့။ အဝတ်အစားထက် အရေးကြီးသော အိမ်ထောင်မှု သားသမီးရေး အလုပ်အကိုင် ဘာသာရေး စတဲ့ အရာတွေနဲ့သာ ကျမအချိန်တွေကုန်ဆုံးတော့သည်။
ခု အသက်အရွယ်မှာကျမတွေးနေမိတာက ကျမအမေ ဆုံးမခဲ့သလို သမီးကို ဘယ်လိုဆုံးမရမလဲ ဆိုတာပါပဲ။
ဟိုတလောက အမေစလုံးကို ကိစ္စတစ်ခုနဲ့ ရောက်လာသည်။ အဒေါ်တစ်ယောက် ဧည့်သည် အဖြစ်ပါလာသည်။ ကျမမောင်လေးနှင့်ဆို အားလုံးပေါင်းသုံးယောက်ကို ဦးဆောင်သူ ကျမက ဘယ်နားမှသေသေချာချာ ရောက်ဘူးသူ မဟုတ်။ နေပူပူ တနေကုန်အောင် လျှောက်လည်ကြသည်မို့ ကိုယ်သက်သာမည့် သက်သာချောင်ချိ ပြီး နေလို့ကောင်းမယ့် အဝတ်မျိုးကိုသာ ရွေးဝတ်သည် ကို ကျမအမေမှာ ပထမ တစ်ရက်နှစ်ရက် ဘာမှမပြောသေး။ သုံးရက်လောက်ကျတော့ အပြင်ထွက်ခါနီး ဘာလို့ စကပ်အတိုတွေ ဘာတွေမဝတ်သာလဲ တဲ့။ စလုံးမမ အလန်းများဝတ်စားသည်ကို တွေ့ထားတဲ့ အမေသည် ကျမဝတ်စားသည်ကို ခေတ်မမှီတော့လို့ ထင်သွားပုံရသည်။
ထင်လိုကထင်စေတော့။
ကျမကလဲကျမ ။ အပြင်သွားခါနီးတိုင်း ဘာဝတ်ရမှန်းမသိဘူး၊ ဝတ်စရာကလဲ မရှိဘူး ဆိုတာကို အပြင်သွားခါနီးတိုင်းရွတ်နေကျဂါထာလိုရွတ်သည်။ ရုံးတက်အဝတ်အစားများမှာ အပြင်ထွက်လည်သည့် အခါ နေရတာဘယ်လိုမှ အဆင်မပြေ။ စကတ်အတိုကျပြန်တော့ ကလေးနှင့် ကုန်းလိုက်ကွလိုက် ဘယ်လိုမှအဆင် မပြေတဲ့အတွက် အပြင်ထွက်ခါနီးမှာ ကဗျာကယာနဲ့ ဂျင်းဘောင်းဘီ နဲ့ ပေါ့ပေါ့ပါးဖြစ်မယ့် ဘလောက်စ် တထည်ကို ကောက်စွပ် ထွက်သွားသည်ကများတော့ အမေသည် ကျမကိုအားမလို အားမရဖြစ်လာပုံရသည်။ သူ့သမီးကို စလုံးမမတွေကဲ့သို့ အလန်းတွေဝတ်စေချင်သည်။

တစ်နေ့တော့ ဈေးဝယ်ထွက်ရင်း OG ကိုရောက်သည်။ ကိုယ်စိတ်ဝင်စားရာလေးတွေ လျှောက်ကြည့်နေကျရင်း ကျမအမေက ကျမကိုလက်ယပ် ခေါ်နေသည်။ သူ့အနားရောက်သွားတော့ အမေကကျမကို အကျီင်္အနက်လေးတစ်ထည်ကို စမ်းဝတ်ကြည့်ခိုင်းသည်။ ကျမရဲ့ အကျင့်ပါနေတဲ့လက်က price tag ကိုဖျတ်ကနဲလှန်ကြည့်လိုက်တော့ အီးးးး တစ်ရာနားနီးနေသည်မို့ကျွန်မအတွက်တော့ ဈေးကြီးသည်။ ဈေးကြီးသည် မဝတ်တော့ဘူးလို့ဆိုတော့ ကျမအမေကသူဝယ်ပေးပါ့မယ် တဲ့။ ကလေးဘဝတုန်းကသာအမေကိုယ်တိုင်ဝယ်ပေးဖူးတာမို့ အလွန်ပျော်သွားခဲ့သည်။ အမေက ထိုအင်္ကျီမျိုးကို မြန်မာပြည်မှမင်းသမီးတွေ မော်ဒယ်တွေ ဝတ်တာမြင်ဘူးထားကတည်းက ကျမသာဝတ်ရင် အလွန်ကြည့်ကောင်းမှာပဲလို့ ကျမကိုဝတ်စေချင်နေခဲ့တာတဲ့။ ကံကောင်းစွာနဲ့ တထည်တည်းကျန်နေတဲ့ အင်္ကျီလေးသည် ကျွန်မကိုယ်နဲ့ တိုင်းပြီးချုပ်ထားသလို အချိုးကျနေတော့သည်။
အမေတစ်ယောက်ရဲ့ မေတ္တာစေတနာ ပြယုပ် အဖြစ်ရထားတဲ့ ဒီအင်္ကျီလေးဟာ ကျမဘဝ မှာအမြတ်နိုးရဆုံး လက်ဆောင်လေးပါပဲ။